ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ပေါက်ခေါင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီ အချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့်ပက်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲမင်းသန်းက မုန်းတိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်မှုအပိုင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားသင့်သည့် အချက်များနှင့် ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများ နှင့်မုန်တိုင်းဖြစ်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌ ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ မုန်တိုင်းနှင့်ပတ်သတ်သည့် သိလိုသော အချက်အလက်များကို မေးမြန်းရာ မြို့နယ်မီးသတ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးသည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းဖြစ်ပွါးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြသဆောင်ရွက်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မုန်တိုင်းဘေး၊ ရေဘေးနှင့် ငလျင်ဘေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်များကို ခင်းကျင်းပြသခြင်း၊ မုန်တိုင်း‌ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)