ပွင့်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် တစ်မြို့နယ်လုံး ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုး နိုင်မှုဧက ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မတ်လကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီး စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံဧက ၇၆၄၀ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက ကြိုးပမ်းစိုက်ပျိုးခဲ့တာကြောင့် မြေပြင်စိုက်ပျိုးပြီးစီးမှု ၇၇၃၂ ဧက စိုက်ပျိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောင်းသီးနှံ ထောပတ်ပဲစိုက်ခင်းများကို ဖေဖော်ဝါရီ ဒုတိယပတ်က စတင်ပြီး ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး နေ့စားအလုပ်သမားများငှားရမ်းပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ မတ်လကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ထောပတ်ပဲသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၇၆၄၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ပါတယ်။ ဒေသခံတောင်သူတွေရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် မြေပြင်စိုက်ပျိုးပြီးစီးမှုဧက ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဆောင်းထောပတ်ပဲသီးနှံ စိုက်ပျိုး ခြင်းကိုတော့ အောက်တိုဘာလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ကြတာပါ။ ယခု တောင်သူတွေ ကြိုးပမ်းစိုက်ပျိုးခဲ့တဲ့ ထောကတ်ပဲသီးနှံစိုက်ခင်းတွေဟာ ရာသီဥတု ကောင်းမွန်မျှတမှု၊ ပိုးမွှားကျ ရောက်မှုမရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလဲ ကောင်းပါတယ်။ ဆောင်းထောပဲစိုက်ခင်းများကို ဒေသခံတောင်သူတွေက ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခြွေ့လှေ့ခဲ့ကြလို့ မတ်လကုန်မှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ပါတယ်။ သီးနှံအထွက်နှုန်းကတော့ တစ်ဧက ပျမ်းမျှ ၂၄ ဒသမ ၆၉ တင်းခန့် ထွက်ရှိပါတယ်။ ကျွန်မတို့ဒေသမှာ နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူ တွေက ဈေးကွက်ရှိတဲ့ ထောပတ်ပဲ၊ ပဲနောက်၊ ပဲကြီး၊ မတ်ပဲ၊ ပဲကြား၊ ပဲလွမ်း၊ စားတော်ပဲ၊ ပဲယင်း ၊ ပဲပုတ် စတဲ့ ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုး ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေလုံလောက်စွာ ရရှိသည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် ပဲမျိုးစုံသီးနှံ ၃၉၇၁၂ ဧက လျာထား စိုက်ပျိုးခဲ့ပြီး ယခင်နှစ်ကထက် ပဲမျိုးစုံ ဈေးနှုန်းများ ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )