သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အသင့်စုဖွဲ့ထားရှိ

သာယာဝတီ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်‌ရေးပစ္စည်းများအသင့်စုဖွဲ့ထားရှိလျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်န်ုင်ရန်၊ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ အချိန်မီပေးပို့ရန်နှင့် ယခုလိုကြိုတင်ပြင်ဆင်ထားမှသာ စနစ်တကျနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ခေတ္တမြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းနိုင် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံး/ စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၅)ဦးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ တစ်ပတ်စာရိက္ခာများ အသင့်စုဖွဲ့ထားရှိကြောင်းနှင့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက  အလျင်အမြန်ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုတင်စီမံထားရှိပြီးဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ ဆက်)