ငရုတ်ကောင်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများအတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ငရုတ်ကောင်းမြို့ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်တို့က ဒေသခံပြည်သူများကို မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ရေကြီးရေလျှံမှုနှင့် အခြားသော ဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိ သဖြင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာအခက်အခဲမဖြစ်စေရေး ကြိုတင်စုဆောင်းထားရှိရေး နည်းလမ်းများနှင့် အရေးပေါ်အခြေ အနေများ ဖြစ်ပေါ်လာပါက ကာကွယ်ရေးနည်းလမ်းများကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)