ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ် မြောင်းမြမြို့နယ်အတွင်း မုန်တိုင်းဘေး ကြိုတင်ကာကွယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မြောင်းမြ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြမြို့နယ်တွင် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစ၍ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  မုန်တိုင်းဘေး ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ၊ မုန်တိုင်းရှောင် ပြည်သူများ စုရပ်ထားရှိမည့်နေရာများ၊ ကွက်ကဲရေးရုံးထားရှိ ဆောင်ရွက်နေမှုများ၊ စားနပ်ရိက္ခာ သိုလှောင်ထားရှိမှုများ ကယ်ဆယ်ရေးပစ္စည်းများ စုစောင်းထားရှိမှု အခြေအနေများ၊ ကယ်ဆယ်ရေးအဖွဲ့များ အသင့်ဖွဲ့စည်းထားရှိမှုတို့အား မေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးသည် မြစိမ်းရောင်တောင်ပေါ်တွင် ဖွင့်လှစ် ထားရှိသော မုန်တိုင်းအန္တရာယ် ကွပ်ကဲရေးရုံးနှင့် စားရေရိက္ခာသိုလှောင်ထားရှိမှုများ၊ မုန်တိုင်းရှောင် ပြည်သူများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့‌ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)