အုတ်ဖို မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်က အုတ်ဖိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးသတ်ဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များတို့ဖြင့် အသင့်စုဖွဲ့ခြင်းနှင့် လိုအပ်မည့် ပစ္စည်းကိရိယာများကို ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဒေသအလိုက်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းလေ့ကျင့်ပေးမှု၊ ဒေသတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
အုတ်ဖိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ ဆက်)