အုတ်တွင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အတွင်းဇုန်အလိုက် သတ်မှတ်ထားသော ခေါင်းဆောင်များနှင့် ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများမှ သဘာဝဘေး၊ မုန်တိုင်းဘေး ကာကွယ်ရေးနှင့်ကယ်ဆယ်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် မုန်တိုင်း ဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)