ကလေးဝ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ နှိုးဆော်ခဲ့သည်။
ထိုသို့ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်း ရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအနီးမှ ဖြတ်ကျော်ကာ မုန်တိုင်အဝန်း ကျရောက်နိုင်သဖြင့် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)