ဒေးဒရဲ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူတို့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား မိုချာဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင် သတိပြုနိုင်စေရေးအတွက် မိဘပြည်သူများမှ မိမိတို့၏ နေအိမ်များကို ခိုင်ခန့်အောင် ပြုပြင်ထားကြရန် (သို့မဟုတ်)ခိုင်ခန့်သော အဆောက်အဦများသို့ ပြောင်းရွှေ့ နေထိုင်ကြရန်၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ကုန်းတွင်းပိုင်းတွင် ရှိသော ခိုင်ခန့်သော အဆောက်အဦးများသို့ ကြိုတင်ပြောင်းရွေ့ နေထိုင်ကြရန်နှင့် မိုးလေဝသသတင်းများအား စဥ်ဆက်မပြတ်နားထောင်ကြရန် ကြိုတင် သတိပေးနှိုးဆော်ခြင်းနှင့် မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေစဥ် လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် ပြုလုပ်ရမည့် အချက်များနှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း