ကန့်ဘလူမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကန့်ဘလူ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ယနေ့ နံနက် ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သိရှိကာကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်၏ အခြေအနေမှာ ဘင်္ဂလားဒေ့ရှ် မြန်မာနိုင်ငံကမ်းရိုးတမ်းသို့ ဦးတည် ရွေ့လျားနိုင်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း၊ အားကောင်းသောမုန်တိုင်းငယ်သည် မြောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပြီး မုန်တိုင်း၏အရှိန် ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နေရာစိတ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။

သို့ဖြစ်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့် အတူ မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး/ရေလျှံမှု အန္တရာယ်ကိုလည်းကောင်း၊ ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ မိမိနေအိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ခြင်း၊ မိသားစုအရေးပေါ် ပြောင်းရွေ့နိုင်သည့် နေရာလမ်း ကြောင်းများ သတ်မှတ်ခြင်း၊ အရေးပေါ်သုံးပစ္စည်းများအား ကြိုတင်ပြင်ဆင်စု ဆောင်းထားရှိရန်နှင့် ကောက်ပဲသီးနှံများအား ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ ကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)