ဝါးခယ်မ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကွမ်းခြံကုန်းကျောင်းတိုက်သို့ လပွတ္တာမြို့နယ်မှ (၄၂)ဦး (ရဟန်း(၂)ပါး၊ သာမဏေ(၅)ပါး၊ ကျား(၁၁)ဦး၊ မ(၂၄)ဦး)၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက်၊ ကမ်းနားလမ်းရှိ အုန်းပင်ပရိယတ္တိစာသင်တိုက်သို့ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ (၂၉၈)ဦး (လပွတ္တာ ကျား(၁၀၄)ဦး၊ မ (၁၈၈)ဦး) (မော်လမြိုင်ကျွန်း ကျား (၂)ဦး၊ မ(၄)ဦး) တို့ရောက်ရှိလာပြီး သဘာဝဘေး ရှောင်တိမ်းလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက “ကွပ်ကဲရေးရုံး” အား မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်သာသနာ့ဗိမ္မာန် တွင်လည်းကောင်း၊ “ကယ်ဆယ်ရေးစခန်း” များအား ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းရှိ “သကျမဟာသီရိဘုရားကြီးဝန်း” အပါအဝင် ရွှေခယ်သီရိခန်းမ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း (ဝါးခယ်မ)၊ အခြေခံပညာအထက်တန်းကျောင်း (ကျုံမငေး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ကျုံမငေး) စသည့် လူအင်အား(၅၀၀)စီဆံ့သော နေရာ(၅)နေရာ တွင်လည်းကောင်း အသီးသီးဖွင့်လှစ်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သော ပိတ္တာလေး၊ တယ်ပင်၊ ဂွေချောင်း၊ ဂန်ချောင်း၊ ရွှေကုန်း၊ ရေလယ်ကျွန်း၊ စံအိပ်၊ မန်းကလဲ့ငုတော၊ သစ်ဖြူချောင်း၊ ပဒေသာကုန်း၊ စော်ကဲ၊ မြင်းကကုန်း၊ အထက်ပေကုန်း၊ ဟင်္သာဒုံး၊ ကမ်းပြို စသည့် ကျေးရွာ(၁၅)ရွာမှ ပြည်သူများအား အရေးပေါ်ပြောင်းရွှေ့ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)