ကျွန်းလှမြို့နယ်၌ နွေရာသီ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချို စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချို စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ဒီနှစ် နွေရာသီမှာ ထိုင်ဝမ်ပြောင်းချိုကို ချောင်းရေတင်စနစ်ဖြင့် တစ်ပိုင်တစ်နိုင် စမ်းသပ် စိုက်ပျိုးထားပါတယ်။ အရင်နှစ်တွေက မိုးရာသီနဲ့ ဆောင်းရာသီမှာဘဲ စိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ ကုန်ကျစရိတ်ကတော့ ငွေကျပ် တစ်သိန်းကျော်လောက် ကုန်ကျပါတယ်။ အခုအခါ ပြောင်းစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး လက်ရှိ ပြောင်းဖူးတစ်ဖူး ငွေကျပ် ၅၀၀မှ ၆၀၀ အထိရောင်းချနေရပါတယ်” ဟု ရှမ်းစုကျေးရွာ ပြောင်းစိုက်ပျိုးသူ တစ်ဦးကပြောပြသည်။

အဆိုပါ ပြောင်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံ ရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများပေးခြင်း၊ သဘာဝ မြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်‌ဆေးပြုလုပ်သုံးစွဲခြင်းတို့ကို အသိပညာပေးလျက် ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ