သဲကုန်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို သဲကုန်းမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထိုက်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊က သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေပြည်တော်မှ ထုတ်ပြန်သည့် မုန်တိုင်းငယ် (Depression) အခြေအနေများအား အသံချဲ့စက်ဖြင့်လှည့် လည်အသိပေးခြင်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအဆင့်သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းပြီးချိန်တွင် ဆောင်ရွက်ရမည့်အချက်များနှင့် မုန်တိုင်းကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများအား ဆက်သွယ်ရန်ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေး၊ လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (ပြန်/ ဆက်)