တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်

တွန်းဇံ မေ ၁၁

ချင်းပြည်နယ် တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ဆုံးရှုံးမှုလျော့ပါးစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းမျက်နှာစာကွင်းပြင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က သဘာဝဘေးနှင့် ပတ်သက်၍ မဖြစ်ခင်၊ ဖြစ်ဆဲနှင့် ဖြစ်ပြီးချိန်များတွင် သတင်းအချက်အလက် ရရှိနိုင်ရေး သတင်းဖလှယ်ခြင်းများ၊ အရေးပေါ်အသုံးပြုနိုင်ရန် ယာဥ်အမျိုးအစားအလိုက် စုစည်း၍ တုံ့ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တာဝန်ခွဲဝေမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း‌ ကော်မတီဥက္ကဋ္ဌ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဆောက်က သဘာဝဘေး အန္တရာယ် ဖြစ်ပြီးချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သန္ဓေတပ်ဖွဲ့ဝင်ဝန်ထမ်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်ရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အတွင်းရေးမှူး ယာယီရဲမှူးမြစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer များ စုစုပေါင်း(၂၀၅)ဦးခန့် တက်ရောက်၍ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဇိုဇွန်းပါလ်