စလင်း မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးပညာပေးနှိုးဆော်ခြင်းကို မေလ ၉ ရက်နေ့ နေ့လယ် (၃) နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ တာဝန်ရှိသူများက လိုက်လံနှိုးဆော်ခြင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ကျချောင်းရေနှင့် မြေပြိုကျမှုများ ဖြစ်ပေါ်နိုင်၍ သဘာဝဘေးအန္တရာယ်ကို အစဥ်သတိပြုကြရန်၊ ကြိုတင်ကာကွယ်နိုင်ရန်၊ သတိပြုနေထိုင်ကြရန်နှင့် သတိပြုနေထိုင်လိုက်နာရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)