ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုစားမှုအစီအစဉ်အရ အသက် ၈၀နှစ် မှ ၈၅နှစ်အတွင်း သက်ကြီး ဘိုးဘွား၂၁၃၆ဦး အား ထောက်ပံ့ငွေပေးအပ်

ဝက်လက် အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုစားမှု အစီအစဉ်အရ အသက် ၈၀နှစ်မှ အသက် ၈၅နှစ် သက်ကြီးဘိုးဘွားများ  ထောက်ပံ့ ငွေပေး အပ်ခြင်းများကို  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန် နေ့ နံနက် ၁၀နာရီနှင့်မွန်းလွဲ ၂ နာရီအချိန်တို့တွင်  နှစ်ကြိမ်ခွဲကာ  ထောက်ပံ့ငွေများလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရှေးဦးစွာ ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများအနေဖြင့် ထောက်ပံ့ငွေများ မိမိလက်ဝယ်တွင်ရောက်ရှိပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဘိုး အဘွားများ၏ နေအိမ်အရောက် အမြန်ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွား ကြရန်ရှင်းလင်း​ ပြောကြားပြီးနောက် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံ  ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကုစားမှုအစီအစဉ်အရ  အသက် ၈၀နှစ်မှအသက် ၈၅နှစ်ကြား သက်ကြီး ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃ သောင်း နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၄၀ သိန်းနှင့် ၈ သောင်းကိုထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။

ဥမ္မာဝင်း(ဝက်လက်)