ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ အသိပညာပေးရေးနှင့် အချိန်နှင့် တစ်ပြေးညီ သတင်းရယူရေးကိစ္စများ သွားရောက်ကြည့်ရှုဆွေးနွေးမှာကြား

မြောင်းမြ မေ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဆောက်လုပ်ပြီး ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် လူထုအခြေပြုဗဟိုဌာနနှင့် စာကြည့်တိုက် အဆောက်အဦး အား ကြည့်ရှုစစ်ဆေးပြီး မိုးရာသီတွင် အရိပ်ရလေကာပင်များ စိုက်ပျိုးရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး နှင့် မြောင်းမြခရိုင်ရုံးသို့ ရောက်ရှိပြီး မုန်တိုင်းကာလ အကြိုအသိပညာပေး လုပ်ငန်းများနှင့် အချိန်နှင့် တစ်ပြေးညီ သတင်းရယူပေးပို့နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်သည်  မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမတွင် ဧရာဝတီတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မြောင်းမြခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မုန်တိုင်းကာလ သတိပြုကြိုတင်ကာကွယ်ရေး၊ လပွတ္တာဘက်မှ ရောက်ရှိနေသည့် မုန်တိုင်းရှောင်ပြည်သူများအား ကူညီဆောင်ရွက်ထားရှိမှုများ၊ အသိပညာပေးရေး ကိစ္စများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ သတင်း ရယူပေးပို့နိုင်ရေးကိစ္စများ ဆွေးနွေးမှာကြားသည်။

ထို့နောက် အလယ်တောရကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ အလယ်တောရ ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်အား ဖူးမြော်၍ အလယ်တောရ ကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားနေသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာ ဆင့်ပွား သင်တန်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသားများအား အကျင့်စာရိတ္တ စိတ်ဓာတ်ကောင်းမွန်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်ပေါ်စေရေး ကြိုးစားကြရန်၊ ပညာကို ကြိုးစားသင်ယူရန်၊ အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းကြရန်၊  နိုင်ငံအကျိုးကို လက်ဆင့်ကမ်း တာဝန်ယူဆောင်ရွက်ရေး ကြိုးစားကြရန် မှာကြားခဲ့သည်။ အဆိုပါ ယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်းကို မေလ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အထိ သင်ကြားပို့ချမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၄၀ ဦး တက်ရောက် သင်ကြားနေကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲတို့နှင့် အတူ    မြစိမ်းရောင် တောင်ပေါ်ရှိ မုန်တိုင်းရှောင်ပြည်သူများ ယာယီခိုလှုံရာစခန်းကို သွားရောက်၍ လပွတ္တာခရိုင် ပင်လယ်ကမ်းခြေဒေသ များမှ ရောက်ရှိနေသည့် မုန်တိုင်းရှောင် ပြည်သူ (၉၆၀) ဦးကို တွေ့ဆုံ အားပေးစကားများ ပြောကြားပြီးနောက် ပြန်ကြား‌ရေး ဝန်ကြီးဌာနမှ မုန်တိုင်းဘေးရှောင် ပြည်သူများအတွက် အလှူငွေ (၅)သိန်းကျပ်ကို လှူဒါန်းရာ မြစိမ်းရောင်တောင် မုန်တိုင်းရှောင် ပြည်သူများ ယာယီခိုလှုံရာစခန်း တာဝန်ခံလူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူး ဦးခင်မောင်မြင့်က  လက်ခံရယူခဲ့ကြောင်း သိရသည်။       

မြောင်းမြခရိုင် ပြန်/ဆက်