ခရိုင်နှင့်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်၊ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများ ကြည့်ရှုစစ်ဆေး

ဟားခါး မေ ၁၀

ဟားခါးခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ စုပေါင်းရုံးရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်တိုက်ခတ်ရန် ခန့်မှန်းချက်ရှိထားသည့်အပေါ် ကြိုတင်အသိပေး  နိုးဆော်မှုများဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများချမှတ်ခြင်း၊ ယာယီခိုလုံမည့်နေရာ သတ်မှတ်ခြင်း၊ ရိက္ခာဖြန့်ဝေရေး၊ စာရင်းကောက်ယူရေးစသည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကော်မတီနှင့် အဖွဲ့ဖွဲ့စည်းခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းတာဝန် ခွဲဝေသတ်မှတ်ခြင်းများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ညနေပိုင်းတွင် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဟားခါးမြို့ပေါ်ရှိ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ဒေသခံပြည်သူများအား ဘေးကင်းရာနေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေးအတွက် ပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)