ကန့်ဘလူမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၀၅၈၅ ဦးရှိပြီး၊ မဲရုံ ၂၀၄ ရုံထားရှိ

ကန့်ဘလူ အောက်တိုဘာ ၆

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် မဲဆန္ဒအမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်ကပ်ထားကြေညာထားပြီးဖြစ်ရာ မဲစာရင်းတွင်မိမိအမည် ပါ မပါကိုလာ ရောက်ကြည့်ရှု လျက်ရှိကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၉၇ အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၃၀၅၈၅ ဦး၊ မဲရုံပေါင်း ၂၀၄ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင်လည်း  မိမိအမည်စာရင်း ပါ မပါ  လာရောက်ကြည့်ရှုကြရန် လိုအပ် ကြောင်း၊ သို့မှသာ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက. ပုံစံ-၃ ဖြင့် အမည်တင်သွင်းရန် တောင်း ဆိုခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ  မှားနေပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မံရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၂၀၄ ဦး ခန့်အပ်ထားပြီး အထူးရဲသင်တန်းကို ကန့်ဘလူမြို့ အထက(၁) ကျောင်းဝင်းအတွင်းတွင် အဖွဲ့(၇)ဖွဲ့ခွဲကာ  အောက်တိုဘာ ၁ ရက်နေ့မှစတင်၍  အောက်တိုဘာ ၂၈ ရက်ထိ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)