စုကလိ မေ ၁၁
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် မိုချာဆိုင်ကလုန်း မုန်တိုင်းသတိပေးချက်များအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် လိုက်လံနှိုးဆော် သတိပေးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအသွင်သို့ ကူးပြောင်းလာနိုင်ပြီး ပြည်သူများ အချိန်နှင့်တပြေးညီ သတိပြုနိုင်စေရန်၊ မုန်တိုင်းသတိပေးချက်များအား စဥ်ဆက်မပြတ်သိရှိဖို့ လိုအပ်ပါကြောင်း၊ ပင်လယ်ကမ်းခြေ ဒေသများတွင် မိုးလေဝသတိပေးချက်များတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မှီပြောင်းရွေ့ထားကြရန် လိုအပ်ပါကြောင်းနှင့် ယနေ့မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မိုးများရွာသွန်းခြင်း၊ ပင်လယ်ရေလှိုင်း အမြင့်ပေ ၄ ပေ မှ ၆ ပေခန့်အထိ ရောက်ရှိနိုင်ပြီး၊ လေတိုက်နှုန်းမှာ ၅ မိုင်မှ ၁၀ မိုင်အထိ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ မိုးသက်လေပြင်းကျစဥ် ရေပြင်မြေပြင်လေသည် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းတို့ကို သတိပေးကြေငြာခဲ့သည်။
မြို့နေပြည်သူများအနေဖြင့် မိုးများသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ မုန်တိုင်းသတင်း ကြေညာချက်များအား စဥ်ဆက်မပြတ်ဂရုတစ်စိုက် နားထောင်ပေးကြရန်နှင့် မိုးလေဝသ ကြေညာချက်များတွင် ပါရှိသည့်အချက်များ အားနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်