ကလိန်အောင်မြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေးနှိုးဆော်

ကလိန်အောင်  မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နယ်မြေမီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်‌အုပ်ချုပ်ရေးမှူးများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကိုသိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့်တုန့်ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ခြင်းကို  ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်အတွက် စဉ်ဆက်မပြတ် လိုက်လံနှိုးဆော်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)