ချောင်းသာမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာများစောင်ဖြန့်ဝေ

ချောင်းသာ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များပါဝင်သည့် ချောင်းသာမြို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီဖွဲ့များက လူကားစည်ကားသည့် စျေး၊ ကားဂိတ်နှင့် လမ်းဆုံလမ်းခွများ၊ လှေကူးတို့ ဆိပ်များ၊ ကမ်းခြေရှိဧည့်သည်များနှင့် စျေးရောင်းချသူများအား မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ရန်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပါက မိမိနှင့်အတူ အသင့်ထားရှိရမည့် အရေးပေါ် သုံးပစ္စည်းများ စသည့်အသိပညာ ဗဟုသုတဆိုင်ရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)