မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မယ်စဲ့ မေ ၁၁

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးက သဘာဝဘေးအနန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ မြို့ထဲလမ်းများ ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြင်ဆင်ထားရန်တို့ကို မှာကြားဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ယာဘေးတို့တွင် သဘာဝဘေးကြောင့် ပြိုလဲနိုင်သည့် သစ်ပင်၊ သစ်ကိုင်းများရှိပါက ရှင်းလင်းထားရေး၊ နမ့်ပိန်းလင်ကျေးရွာရှိ တံတားအား တောင်ကျချောင်းရေကြောင့် တိုက်စားမှုမဖြစ်စေရေး ရေလမ်းကြောင်း ကြိုတင်ရှင်းလင်းရေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဌာနပိုင်မော်တော်ယာဉ်များ ကူညီပေးနိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖြိုးမြတ်သူက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရည်။

ဝတ်ရည်(မယ်စဲ့)