ငါးသိုင်းချောင်းမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

ငါးသိုင်းချောင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊  မြို့မီးသတ်တပ်ဖွဲ့နှင့်  မြို့ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး  မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေခြင်းကို မေလ ၉ ရက်နေ့ ညနေ (၃)နာရီအချိန်က ငါးသိုင်းချောင်းမြို့အဝင် လမ်းမကြီးတလျှောက်လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ၊ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရမည့်  အချက်များဖြစ်သော  မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့်  မုန်တိုင်း၏ အန္တရာယ်ကို ပြည်သူများ လွယ်ကူစွာသိရှိစေရန်၊ မုန်တိုင်းအရောင်၊ အဆင့်၊ အညွှန်းအမှတ်များနှင့်   လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည့်အကြောင်းအရာများ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရန် (အခမဲ့)ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)