ကန်ကြီးထောင့်မြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကန်ကြီးထောင့် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက်  အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign  ပြုလုပ်ခြင်းကို  ယနေ့ နံနက်  ၈ နာရီခန့်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံနှင့် လူစည်ကားရာလမ်းမများနှင့် အမှတ်(၁) မြို့မဈေးအတွင်း၌  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားရာ နေရာများ၌ သွားလာလှုပ်ရှားနေကြသည့် ပြည်သူများအား လည်းကောင်း၊ စည်ပင်သာယာရေးဝန်ထမ်းများမှ အမှတ်(၁) မြို့မဈေး အတွင်းရှိ ဈေးရောင်းချသူ၊ ဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခန့်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက် ဖြင့် လှည့်လည်၍  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16(Arcturus) ကူးစက်မှုများ မြင့်တက်လာပြီး မြန်မာနိုင်ငံတွင်လည်း ဧပြီလဆန်းမှစ၍ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာခဲ့ခြင်းကြောင့် ရောဂါကူးစက် ဖြစ်ပွားမှုနှင့် ရောဂါပြင်းထန်စွာ ခံစားရခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပါရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)