ကလေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကလေး မေ ၁၁

ကလေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မုန်းတိုင်းအဖြစ်သို့ ကျရောက်နိုင်သည်ဖြစ်သည့်အတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များနှင့် ကျရောက်လာပါက တုံ့ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဌာနကော်မတီအလိုက် လုပ်ငန်းများအဆင်ပြေအောင် အလေးထားဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားကာ လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့က မိမိတို့ ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မုန်တိုင်းအခြေအနေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ ခရိုင်မိုးဇလမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းကာ ရပ်ကွက် အတွင်း  လှည့်လည်၍ အသိပေးလှုံ့ဆော်ပေးခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)