ယင်းမာပင် မေ ၁၀
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပစ္စည်း ကိရိယာများ အသင့်စုဖွဲ့ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ယင်းမာပင်မြို့၊ ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုအား လျှင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်တို့သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်သာယာဝပြောမှုကို အဟန့်အတားတစ်ခုအဖြစ် စိန်ခေါ်လျက်ရှိသည့် အတွက် ပြည်သူများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယင်းမာပင်ခရိုင်မီးသတ်ဦးစီးမှူး ဦးမိုးကျော်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား တပ်စုအဆင့် လေ့ကျင့် သရုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး ကြိုတင်စီမံထားသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အထောက်အကူပြုယာဉ်ဖြင့် ပစ္စည်းများသယ်ယူ ဖယ်ရှားမှု၊ ယာဉ်မတော်တဆမှု၊ ငလျင်၊ မြေပြိုမှု၊ အဆောက်အဦပြိုကျပျက်စီးမှု၊ သဘာဝဘေး အန္တရာယ် ဖြစ်ပွားသည့်အခါ ပိတ်မိနေသူများအား Hydraulic Rescue Tool များကို အသုံးပြု၍ အမြန်ဆုံး ကယ်ထုတ်သည့်နည်းစနစ်များ၊ မီးလောင်မှုအတွင်း ပိတ်မိနေသော လူနာအား B.A (Breathing Apparatus) ဝတ်ဆင်၍ ကယ်ဆယ်မှု၊ ဆီမီးလောင်မှုအား ရေဖြင့်ငြိမ်းသတ်၍ မရသဖြင့် Foam ဆေးရည်အသုံးပြု၍ ငြိမ်းသတ် နေမှုတို့ကို သရုပ်ပြသခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြပြီး အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဝင်းခိုင်ထွန်း က မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)