ဝန်းသို မေ ၁၀
ဆောင်းအစေ့ထုတ်ပြောင်း၏ အထွက်နှုန်းမိတ်ဖက်များ၏ အရေးပါမှုကို တောင်သူများ သိရှိ နားလည်စေရန်နှင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများဘဝ သာယာ ဝပြောလာစေရန် ရည်ရွယ်၍ ၂၀၂၂- ၂၀၂၃ ခု စိုက်ပျိုးရာသီမှ ဆောင်းအစေ့ထုတ်ပြောင်း ပန်းတိုင်စံပြ ကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကျမိုင်းကြီးအုပ်စု၊ ကွင်းအမှတ် (၁၂၉၂)၊ တောင်သူ ဦးဇော်လင်းဦး၏ ပြောင်းစိုက်ဧက (၃.၀၀)ဧက စံကွက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းက ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြောင်းတစ်ဧကကုန်ကျစရိတ်၊ အကျိုးအမြတ် ရရှိမှုတို့အား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက လယ်သီးထပ် အဖြစ် ဆောင်းအစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် လေးလနှင့် ငွေပေါ်သည့်အတွက် တောင်သူများအတွက် တွက်ခြေကိုက်သည့်အပြင် မိသားစုများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသည့်အတွက် တောင်သူဦးကြီးများ စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စုပေါင်းစံကွက် ရိတ်သိမ်းခဲ့ရာ ပြောင်းဖူးတစ်ဖူးပါ အစေ့ (၃၁၄)စေ့၊ နို့ဆီတစ်ဗူးပါအစေ့ (၇၀၀)စေ့၊ တစ်ဧကအစိုထွက်နှုန်း (၉၁.၁၂တင်း)၊ အခြောက်အထွက်နှုန်း (၈၀.၁၈ တင်း) ထွက်ရှိခဲ့ကြောင်း သိရသည်။
ထွန်းထွန်း