စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ်ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ်နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်

မုံရွာ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ် နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေး ဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာရှင်များ ပေါများခြင်းသည် အဓိကအချက်ပင် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိပတ်ဝန်းကျင်အား အကောင်းမြင် သဘောထားများဖြင့် အများနှင့် အတူတကွ နေထိုင်ကြရသည့်အခါ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး နိုင်ငံကြီးသား ပီသလာစေရန် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအား တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်၊ ကျန်းမာစွာနေထိုင်တတ်သည့် အလေ့အကျင့် ကောင်းများ၊ ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရေးသည် ဆရာ၊ ဆရာမများ၏ အရည် အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်ပါ ကြောင်း၊ နိုင်ငံတစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက် ရာ၌ အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ်များ လိုအပ်သဖြင့် အသိပညာ၊ အတတ် ပညာ တိုးတက်ရေး၊ မျိုးဆက်သစ်ဘဝများ မြှင့်တင်နိုင်ရေးအတွက် သိစေချင်၊ တတ်စေချင်သည့် စေတနာအရင်းခံဖြင့် သင်ကြားရေးလုပ်ငန်းများအား ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုပါ ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် စိတ်ဓာတ်ကောင်းမွန်ပြီး စည်းကမ်းလိုက်နာ တတ်သည့် အတွေးအခေါ် အယူအဆမှန်ကန်ပြီး ပညာပြည့်ဝသည့် နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ဆောင်ရွက် ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ၈၁၉ ဦးအတွက် ငွေကျပ်သိန်း ၄၀ (သိန်းလေးဆယ်) ကျပ်အား သင်တန်းသား၊ သင်တန်းသူများထံသို့လည်း ကောင်း၊ ကျောင်းအုပ်ဆရာမကြီးထံ မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်း အတွက် ငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယနှစ် သင်တန်းသူများက “မင်္ဂလာပါ” တေးသီးချင်းဖြင့် လည်းကောင်း၊ ပထမနှစ်သင်တန်းသူများက “ပြည်ထောင်စုရဲ့ထာဝရအလှများ” တေးသီချင်းနှင့် “ပန်းကလေး များရဲ့ဥယျာဉ်မှူး” တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေးဒီဂရီ ကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းတွင် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား နေမှုနှင့် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် နွေရာသီဘင်ခရာသင်တန်း သင်ကြားနေမှု များအား လိုက်လံကြည့်ရှုအားပေးပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)