ဖားဆောင်း အောက်တိုဘာ ၆
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးကြီးကြပ်ရေး အဖွဲ့ဝင်များက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း နှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန အချို့၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားနေ သည်ကို တွေ့ရှိနေရပြီး အလုပ်သမားများအတွင်း ရောဂါကူးစက်နိုင်ခြင်း၊ အလုပ်သမားများမှတစ်ဆင့် ပြည်သူ လူထုသို့ ရောဂါကူးစက်ပြန့်ပွားခြင်းတို့ကြောင့် လုပ်သားများ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာ ဆက်လက် အလုပ် လုပ်ကိုင်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ မြို့နယ်အတွင်းရှိ ဖားဆောင်းရေသန့်စက်ရုံ (၁)ရုံ၊ ပါပုကျေးရွာရှိ မာစတာ ရေသန့်စက်ရုံ (၁)ရုံတို့ကို သွားရောက်၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)