ကျိုက်လတ်၌ မြို့နယ်သဘာဝဘေး တုံ့ပြန်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်း ညှိနှိုင်းဆွေးနွေး

ကျိုက်လတ် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ယခုအခါတွင် မြို့နယ်သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များးကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့နယ်ကွပ်ကဲရေးရုံးအဖွဲ့ကိုလည်း ဖွဲ့စည်းဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်ထားလျက်ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ်တစ်ခုတွင် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဖြစ်ပွားမီကာလ၊ ဖြစ်ပွားနေဆဲ ကာလနှင့် ဖြစ်ပွားပြီးသည့်ကာလဟူ၍ ကြိုတင်စီစဥ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းနေထိုင်စရာနေရာများ၊ သယ်ယူပို့ဆောင်ရေးအတွက် ယာဥ်များ၊ ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများ စသည်ဖြင့် ကြိုတင်စီစဥ်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ကြိုတင်ဆောင်ရွက်သင့်သည့် အခြေအနေများ၊ လိုအပ် သည်များကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်