ကျွန်းစုမြို့တွင် မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များ အသိပေးနှိုးဆော်

ကျွန်းစု မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များအား ယနေ့နံနက်(၁၁)နာရီအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်၌ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများ၊ အမှတ်(၁) ရက်ကွပ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မုန်တိုင်းသတင်းကြေညာချက်ကို ကြားသိပါက ကြိုတင်ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးနှိုးဆော်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလားတူ  မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာနှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လမ်းဆုံ၊ လမ်းခွ များတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စိုက်ထူ၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထက်မြင့်