လောင်းလုံး မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်း အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က လောင်းလုံးမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ နယ်လှည့်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မိမိတို့ဒေသသည့် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ငယ်၊ချောင်းငယ်နှင့် ပင်လယ်ကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေးကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည့်များ ကြိုတင် ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် စသည့်ဖြင့် လိုအပ်သည်များကို အသိပညာပေးနှိုးဆော်ခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်–၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)