မြိတ်မြို့နယ် ပရည်တောင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်

မြိတ်   ‌မေ   ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပရည်တောင်ကျေးရွာတွင် လူသုံးကုန် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကျေးလက်ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြိတ်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ် လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ပြည်တွင်းမှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများအဖြစ် နည်းစနစ်တကျ ထုတ်လုပ်လာနိုင်ကာ မိမိတို့၏ တစ်နိုင်တပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်း၌ လူသုံးကုန်လုပ်ငန်းသုံး ဓါတုပစ္စည်းများအကြောင်း သင်ကြားဆွေးနွေးခြင်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်း၊ ရေမလိုလက်သန့်ဆေးရည်၊ အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း၊ ပန်းကန် ဆေးဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ ကန်းဇော်ပရုပ်ဆီအခဲပြုလုပ်နည်း၊ အလှ ဖယောင်းခဲပြုလုပ်နည်း၊ ခေါင်းလျှော်ရည် ပြုလုပ်နည်း၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း၊ အထည် အမွှေးရည် ပြုလုပ်နည်း၊ ကန်းဇော်ပရုပ်အေးရည် ပြုလုပ်နည်း၊ ကြမ်းတိုက် ဆေးရည်ပြုလုပ်နည်း စသည်တို့ကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဆန်းစစ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းကို လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများကို စိတ်ပါဝင်စား၍ လုပ်ငန်း ထူထောင်လိုသူ ပရည်တောင်ရွာနှင့် ဝန်ဖို့ရွာမှ(၂၀)ဦး တက်ရောက်လျက်ရှိကြပြီး သင်တန်းကာလ မေလ(၁၀)ရက်မှ(၁၄)ရက် နံနက်(၉)နာရီခွဲမှညနေ(၄)နာရီအထိ (၅) ရက်ကြာဖွင့်လှစ်၍ သင်တန်းနည်းပြအဖြစ် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)