ဘိုကလေး မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာမှ ယနေ့နံနက် (၈)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက်၊ (၁၂)လမ်းရှိ ရွှေခေတ်အားမာန် မျိုးသန့် မျိုးစေ့ထုတ်လုပ်ရေးအသင်း၌ (၂၀၂၃)ခုနှစ် မိုးရာသီ ပေါ်ဆန်းရင် မျိုးသန့်မျိုးပွားမျိုးစေ့ (RS) မျိုးစပါးကို မျိုးစေ့ထုတ်တောင်သူများအား ပေးအပ်ပွဲ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရွှေခေတ်အားမာန် မျိုးသန့်မျိုးစေ့ထုတ် အသင်းသားများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြစ်သည့် လယ်(၁)ဧကလျှင် စပါး(၁၀)တင်းအထွက်တိုးနိုင်ရေးအတွက် ယခုမျိုးသန့် မျိုးပွားမျိုးစေ့ မျိုးစပါးအား ပေးအပ်ရခြင်းဖြစ်ကြောင်း၊ စပါးအထွက်တိုးနိုင်ရေး အတွက် တောင်သူများအနေဖြင့် အားတက်သရော ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက မိမိတို့ ဌာနအနေဖြင့် နှစ်စဉ်နှစ်တိုင်း မျိုးသန့်မျိုးပွားမျိုးစေ့ ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ် တောင်သူများအနေဖြင့် မိမိတို့ဒေသတွင်း မျိုးကောင်းမျိုးသန့်များ လွှမ်းခြုံနိုင်ရေး၊ မျိုးသန့်ပြန့်ပွားရေးအတွက် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းနှင့် စပါးအတွက်တိုးနိုင်ရေး မြေယာပြုပြင်ရန်၊ မြေဆီလွှာဖွံ့ဖြိုးရန် လိုအပ်သလို မျိုးကောင်းမျိုးသန့် ရရှိရန်လည်း လိုအပ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂)စုမှ မျိုးစေ့ထုတ်တောင်သူ(၆၄)ဦးစုဖွဲ့ ထားသော ရွှေခေတ်အားမာန် မျိုးသန့်မျိုးစေ့ထုတ် အသင်းအား လယ်(၁၆၂)ဧကစာ မျိုးစပါးများထုတ်ပေးခဲ့သည်။
ဘိုကလေးမြို့နယ်အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုမှ မျိုးစေ့ထုတ်တောင်သူ စုစုပေါင်း (၈၀)ဦးအတွက် လယ်(၂၈၅)ဧကစာ မျိုးစပါးထုတ်ပေးရကြောင်းကိုလည်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)