ကျွန်းစု မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မုန်တိုင်းကာလအတွင်း ကြိုတင်ပြင်ဆင်ရမည့် အချက်များအား ပြည်သူများ သိရှိဆောင်ရွက်နိုင်စေရန် ယနေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်အမှတ်(၂)ရပ်ကွက်၌ အသိပညာပေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်များက မုန်တိုင်းကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မုန်တိုင်းသတင်းကြေညာချက်ကို ကြားသိပါက ကြိုတင်ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တို့တွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက သောက်သုံးရေသန့်များအား မိမိတို့မိသားစု သောက်သုံးနိုင်သလောက် စုဆောင်းထားရှိရန် လိုအပ် ကြောင်း၊ (၅)ဂါလံ ပလပ်စတစ်ပုံးတစ်ပုံးဖြင့် လူတစ်ဦး၏ အသက်ကို ကယ်တင်နိုင်ကြောင်းနှင့် အရေးပေါ်သုံးပစ္စည်းများကို မိမိတို့နှင့် အနီးစပ်ဆုံးနေရာတို့တွင် ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်