ကဝမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ သရုပ်ပြဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကဝ မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်  သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သရုပ်ပြဆောင်ရွက်ခြင်းနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက လူစည်ကားရာလမ်းစုံများတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်မှဦးဆောင်၍ ပြည်သူများအား ၅ဂါလံပုံး(သို့မဟုတ်) ရေသန့်ဘူးကြီးများကို အိမ်တိုင်းဆောင်ထားခြင်းဖြင့် မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့ပါက သောက်ရေသန့်ထည့်၍ အသုံးပြုနိုင်သလို ရေဘေးအန္တရာယ်ကြုံတွေ့ပါကလည်း အသက်ကယ်ဘောအဖြစ်အသုံးပြုနိုင်ကြောင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)