ပိုင်ကျုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပိုင်ကျုံ မေ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်  ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်လွင်က သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက် ဆပ်ကော်မတီများဖွဲ့စည်းပြီး သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်ဆောင်ရွက်ရမည့်အစီအမံများ၊ ပြန်လည်ထူထောင်ရေးကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အစည်းအ၀ေးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍  မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ဆပ်ကော်မတီများ၌ ကြိုတင် ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်ထားရှိမှုအခြအနေတို့အား အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ပိုင်ကျုံမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို ယာယီကယ်ဆယ်ရေး စခန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်ဆက်)