လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံတွင် ကျောင်းအပ်နှံရေးလှုပ်ရှားမှု ဆိုင်းဘုတ်စိုက်ထူ

လေးမျက်နှာ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်းဆုံတွင် ကျောင်းအပ်နှံရေး လှုပ်ရှားမှုဆိုင်းဘုတ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ပညာရေးဝန်ထမ်းများ ပူးပေါင်းစိုက်ထူခဲ့သည်။

လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးတို့မှ အမွှေးနံ့သာများ ပက်ဖျန်း၍ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။ ဆိုင်းဘုတ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်ပါရှိပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို မေ ၂၃ ရက်မှ ဇွန် ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအပ်နှံရာတွင် နေထိုင်သည့် မြို့နယ်ဒေသများ၌ ကျောင်းအပ်နှံကြ ရမည်ဖြစ်သော်လည်း မိမိသွားလာရေး  အဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံနိုင်ရေးအတွက် အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေး ဝေသွားမည်ဖြစ်ကာ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအား ဇွန်(၂)ရက်မှစပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေး၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)