ကြံခင်းမြို့တွင် သဘာဝဘေး(မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာအထက်တန်းကျောင်း (ချင်းမြောင်) သင်တန်းသားရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြံခင်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်သဘာဝဘေး (မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာအထက်တန်းကျောင်း (ချင်းမြောင်) သင်တန်းသားရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ဆိုင်ကလုန်းမုန်တိုင်း၏ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်အရ မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ်တို့က   သဘာဝဘေးဖြစ်ပေါ်လျှင် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာများ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က သဘာဝဘေးဖြစ်ပေါ်လျှင် ကုသရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုအား ပြောကြားပါသည်။

ထိုနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနည်းပညာအထက်တန်းကျောင်း (ချင်းမြောင်) သင်တန်းသားရရှိရေး ညှိနှိုင်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ကြံခင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း (KG+9) အောင်မြင်သော ကျောင်းသား/သူများ တက်ရောက်ပညာသင်ယူနိုင်သည့် အခွင့်အရေးများကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားပြီး၊  မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာက စိုက်ပျိုးရေးသင်တန်းကျောင်း သင်ယူ ပြီးမြောက်လျှင် နှစ်အလိုက် ထူးချွန်စွာအောင်မှုအပေါ် ရရှိမည့် အခွင့်အရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးက မြို့နယ်အတွင်း (KG+9) အောင်မြင်သော ကျောင်းသား/သူ အရေအတွက်နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေအားပြောကြားပြီး၊ (အ.ထ.က-ချင်းမြောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက စက်မှု၊ စိုက်ပျိုး မွေးမြူရေး နည်းပညာအထက်တန်းကျောင်းဖွင့်လှစ်မည့် အခြေအနေနှင့် ရရှိမည့်အခွင့်အလမ်းများ၊ ကျောင်းအပ်လက်ခံ ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြပါသည်။

ထိုနောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ သိလိုသည့် အချက်များ၊ ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပညာသင်နှစ်သတ်မှတ်ချက်များ၊  အထက်တန်းကျောင်းနှင့်စပ်လျဉ်းသော အချက်အလက်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)