၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

ဘားအံ မေ ၁၀

ကရင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်း၍ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှလွဲပြီး ကျောင်းများအားလုံးကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ပညာရေးနိမ့်ကျပါက နိုင်ငံ၏အနာဂတ်အတွက် ထိခိုက်နိုင်ပါသဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသုံးပရိဘောဂပြည့်စုံစေရေး၊ သင်ထောက်ကူပစ္စည်းများလုံလောက်စေရေး၊ ဆရာ/မများနှင့် ကျောင်းသား/သူအချိုးညီမျှမှုရှိစေရေး၊ ဆရာ/မ၊ကျောင်းသား/သူများ၏ လုံခြုံရေးနှင့်ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူးများဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ စည်းရုံးလှုံ့ဆော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး လိုအပ်ချက်မရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ငွေကြေးကောက်ခံခြင်းမပြုရန်၊ ပံ့ပိုးပေးရမည့် ပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို ကျောင်းအပ်နှံရေးနေ့အမီ အသင့်ဖြစ်နေစေရေး စီမံဆောင်ရွက်ထားကြရန် ဆွေးနွေးပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ကျောင်းအပ်နှံရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ ပံ့ပိုးရမည့်ပစ္စည်းများ ဖြန့်ဝေပေးထားမှုအခြေအနေ၊ ဖွင့်လှစ်မည့် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ခန့်မှန်းကျောင်းသား၊ ကျောင်းသူအင်အားတို့ကို ဆွေးနွေးတင်ပြကာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ပညာရေးမှူးများက ကျောင်းများဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောင်းများထပ်မံတိုးမြှင့် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အလားတူ ကရင်ပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။

မြေစိုက်ပိုစတာစိုက်ထူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်နှင့် တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြပြီး မြေစိုက်ပိုစတာအားစိုက်ထူပေးကြကာ ပြည်နယ် ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ကာလမှာ မေလ ၂၃ ရက်မှ ၃၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)