ဘိုကလေး မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ပိုစတာ ဆိုင်းဘုတ်များကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ပညာ ရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဦးထိန်လင်းနှင့် ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ ပူးပေါင်းကာ မြို့နယ်ပညာရေးမှူးရုံးရှေ့၊ ဘိုကလေးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ မူလွန် အောက်ပိုင်း ကျောင်းရှေ့တို့တွင် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” စာသားပါ ကျောင်းအပ်နှံ ရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်များအား စုပေါင်းစိုက်ထူခဲ့ပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်အခွင့် အလမ်းများ ရရှိစေရေး ကျောင်းအပ်နှံရေးနေ့အဖြစ် ၂၀၂၃ ခုနှစ် မေလ (၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့ အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေး ကိရိယာများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်ဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မိုးစက်(ဘိုကလေး)