ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ထားဝယ်  မေ ၁၀

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယနေ့ နံနက် ၁၀ နာရီ က ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က မုန်တိုင်းဘေး အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါးနိုင်သမျှ လျော့ပါးစေရေးအတွက် လုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာချိန်တွင် ရှာဖွေကယ်ဆယ်ရေး အပါအဝင် အရေးပေါ်တုံ့ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပိုမို ကောင်းမွန်သည့် လူနေမှုဘဝ ရောက်ရှိစေရန် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများပြည်သူများ၏ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် လွန်စွာအရေးကြီးကြောင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ထားဝယ်မြို့နယ် မီးသတ်စခန်းမှူး ဦးမျိုးကိုကိုဝင်းက  မုန်တိုင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်/ သိရှိလိုက်နာရမည့် အချက်များ၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီး မီးသတ်ဦးစီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ကာကွယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရေယာဉ်မော်တော်ဘုတ်ရှာဖွေကယ်ဆယ်ရေး၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးသတ်ယာဉ်၊ သူနာတင်ယာဉ်၊ စက်လှေ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် မီးသတ်ဦးစီးဌာနတွင် ဦးစီးအရာရှိ အပါအဝင် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် စုစုပေါင်း( ၈၈)ဦးရှိ အသင့်ဆောင်ရွက်ထားရှိကြောင်းပြောကြား ပြီးဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ရှင်းလင်းဆွေးနွေးပြောကြားပေးသော ထားဝယ်မြို့နယ်မီးသတ်စခန်းမှူးအား ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပွဲ Talk  Show ကို ဆက်လက်ပြုလုပ် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)