ချောင်းသာ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အနောက်တောင်တို င်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူ များသည် ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ School Camp Shelter သို့ ရောက်ရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်လုပ်ဆောင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှု၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေများ စုဆောင်း ထားရှိမှု၊ ယာယီခိုလှုံရာ နေရာများပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေး ရှောင်စခန်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ခေါက်ဆွဲခြောက်နှင့် ကြာဇံခြောက်ထုပ်များကို ထောက်ပံပေးအပ်ခဲ့သည်။
ထို့နောက် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေး/အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအစီအမံ ဆောင်ရွက်နေမှုအခြေအနေများကို တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ယာယီခိုလုံရေးစခန်းများ ဖွင့်လှစ် မည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်အား ဖူးမြှော်ကြည်ညိုခဲ့ပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)