ပြည် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဒေသတွင်းပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်အစီအမံများအား ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တပ်နယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦးက ယခုကဲ့သို့ မုန်တိုင်းမကျရောက်မီ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းများ ပြုလုပ်ထားရန်လိုအပ်ကြောင်းနှင့် ယခုလိုတပ်မတော်သားများ၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ၊ လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာများအရပ်ဖက်ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရန် အသင့်ရှိနေမှုအား များစွာအားရကျေနပ်မိကြောင်းပြောကြားပြီး အသင်းအဖွဲ့များအား လိုက်လံနှုတ်ဆက်ကာ ရေပြင်/မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးကုသရေးပစ္စည်းများ၊ စားနပ်ရိက္ခာအထောက်အပံ့ပစ္စည်းများ ကြိုတင်ပြင်စုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးအားပေးသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦးဦးဆောင်သော နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တပ်မတော်သားများ၊ ပြည်ခရိုင်သဘာဝဘေးစီမံခန်ခွဲမှုအဖွဲ့နှင့်လုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်၊ ကိုစိုး(ပြန်/ဆက်)