ပုသိမ်ခရိုင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်း ကော်မတီ (၁၄)ဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည် (၂)နာရီ အချိန်က ခရိုင် ကွပ်ကဲရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုသိမ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီ အဖွဲ့(၁၄)ဖွဲ့အား ကွပ်ကဲရေးရုံးတွင် နေ့စဉ်တစ်ဖွဲ့လျှင် (၁)ဦး တာဝန်ချထား ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဌာန၏ ရုံးလုပ်ငန်းများကို ဒုတိယအကြီးအကဲ၊ တတိယအကြီးအကဲများအား တာဝန်ပေးဆောင် ရွက်သွားရန်နှင့် အရေးကြီးစာရွက်စာတမ်းများကို ပလတ်စတစ်အိတ်များဖြင့် ထုတ်ပိုးဆောင်ရွက်သွားရန် ပြောကြားပြီး ဌာနအကြီးအကဲများ အနေဖြင့် ကွပ်ကဲမှုရုံးဖြစ်သော စုရပ်သို့ အချိန်မီ နေ့စဉ်လာရောက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ပုသိမ်ခရိုင်အတွင်း ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ သဘော့ကန်၊ ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်၊ ဇီးချိုင်၊ ကံချိုင်၊ မီးလင်းချိုင် ပင်လယ်ကမ်းခြေဒေသများကို ဦးစားပေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ခရိုင်အတွင်းရှိ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတောမြို့နယ်များကို ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် လုပ်ငန်းကော်မတီများမှ အဖွဲ့(၄)ဖွဲ့ဖြင့် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဟန်