ကလိန်အောင် မေ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပကပိုင်ဈေး၌ ရောင်းချနေသည့် ဈေးသူ/သားများနှင့် ဈေးဝယ်သူများအား သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ တို့သည် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးကျော်မျိုး ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး)ဒေါ်ခင်ခင်လဲ့နှင့် ဝန်ထမ်းများ၊ ပြန်လည်ထူးထောင်းရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဝေဟင်စိုးနှင့် ဝန်ထမ်းများ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ဈေးနှင့် ဈေးဆိုင်များတွင် ရောင်းချနေသည့် ဈေးသည်များ၊ ဈေးဝယ် သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းဘေးပညာပေးစာစောင်များတွင် ပါဝင်သည့် " မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်ပါသည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းသတိပေး ချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များအကြောင်း" စသည့် ဆောင်ရန်/ရှောင်ရန် အချက်များပါရှိသည့် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)