မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မင်းလှ မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုတွင် ရပ်ကွက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းခြင်း၊ ကယ်ဆယ်ရေးစခန်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေးပြင်ဆင်ထားရှိခြင်း၊ ရိက္ခာများသိုလှောင်ထားရှိခြင်းစသည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးပြန်လည် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)