ဒေးဒရဲ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် (၇)နာရီခွဲက လူစည်ကားရာ ဒေးဒရဲတံတားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းအနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူပွဲကို မြို့နယ်ပညာရေးမှူး ဦးလှစိုး ဦးဆောင်၍ မြို့ပေါ်ကျောင်းများက ဆရာ၊ ဆရာမများက ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ စာသားပါ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်အား စုပေါင်းစိုက်ထူခဲ့ပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင် အခွင့်အလမ်းများ ရရှိစေရေး ကျောင်းအပ်နှံရေးနေ့အဖြစ် ၂၀၂၃ ခုနှစ် မေလ (၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း