လှည်းကူးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှည်းကူး မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်က အဖွင့်အမှာစကားပြောကြားပြီး ဖွဲ့စည်းထားသည့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့များက မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ စသည့်အကြောင်းအရာများအား  ပြည်သူလူထုအား အသိပညာပေးရန် သက်ဆိုင်ရာအလိုက် ဆွေးနွေးကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့၊ အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့၊ ပျက်စီးမှုပမာဏ သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးလုပ်ငန်းအဖွဲ့၊ ပို့ဆောင်ရေးနှင့်လမ်းကြောင်းရှင်းလင်းရေးလုပ်ငန်းအဖွဲ့၊ အရေးပေါ်ယာယီခိုလှုံနေရာဆောင်ရွက်ပေးရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ လုံခြုံရေးလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းအဖွဲ့နှင့် ကွပ်ကဲရေးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)